ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

အတ္တများနဲ့ ဥယျာဉ်မှူး


ဥယျာဉ်မှူးဆိုတာ...ရက်စက်တတ်သူ လို့ကျွန်တော်မကြားဖူးပါဘူး..
ကိုယ်တိုင်ပြုစုပျိုးထောင်ပေးတဲ့ပန်းတွေကို ဝေေ၀ဆာဆာဖြစ်အောင် လုပ်ချင်ကြတာ
ဥယျာဉ်မှူးအတော်များများရဲ့ ဆန္ဒတစ်ခုပဲ လို့ကျွန်တော်ထင်ပါတယ်..

ရင်က ပွင့်တဲ့ပန်းမို့ တယုတယရေလောင်းပေါင်းသင်းပေမယ့်
ရင်ခွင်မဲ့ပန်းကျတော့ ဥပေက္ခာပြုလျစ်လျူရှူ့တာ မကောင်းပါဘူး..
အသီးအပွင့်ကို မခံစားချင်ရင်တော့ မျိုးစေ့ကို အစမပျိုးပါနဲ့..
အညွန့်တွေ ဖြာတက် မိုးပေါ်တိုးထွက်တော့မှ အညွန့်ဆိတ်တာတော့
အကြင်နာမဲ့နှလုံးသားပိုင်ရှင် ဥယျာဉ်မှူးရဲ့ အတ္တဆန်ဆန်ထိုးနှက်ချက်ထင်ပါရဲ့....

ဥာဏ်ပညာဆိုတာ လောကဖွံ့ဖြိုးတိုးတက်မှုရဲ့ ဥသျှောင်တဲ့..။
တကယ်ဟုတ်ခဲ့သည်လား....မဟုတ်ခဲ့သည်လား ဆိုတာ
ဒီဥယျာဉ်မှာ ကြီးပြင်းလာတော့မှ
ကျွန်တော့်စိတ်တွေ တွေဝေနေခဲ့ရပြီ...
သာယာလှပတဲ့ ဥယျာဉ်ကိုတည်ဆောက်ချင်ရင်တော့
ပေါက်ပန်းလို အဆင်းသာရှိ အချင်းမရှိတဲ့ပန်းတွေနဲ့ ဖြစ်နိုင်လိမ့်မယ် မထင်မိဘူး..
အဆင်းလဲရှိ ရနံ့ပါမွှေးတဲ့ပန်းတွေနဲ့ဆို
ဥယျာဉ်ကြီးရော လောကကြီးပါ ပိုပြီးတော့ မသာယာ မလှပလာနိုင်ဘူးလား..
နောက်ဆုံးတော့လည်း
အတ္တကြီးတဲ့ ဥယျာဉ်မှူးရဲ့ မျိုးစေ့ချ ပျိုးထောင်ခံခဲ့ရတာ ကံဆိုးခဲ့တာပါပဲ..

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တာ ပန်းတွေရဲ့သဘာဝဖြစ်ပေမယ့်
အညွန့်တွေဝေဆာ အဖူးအငုံတွေထွက်လာတော့မှ
အတက်ကို ဆိတ် အခက်ချိုးခံရတာ
ဒီဥယျာဉ်တစ်ခုမှာပဲ ကျွန်တော်တွေ့ဖူးတယ်..

တကယ်ပါဗျာ....
ဆုတောင်းတွေသာ ပြည့်ခဲ့မယ်ဆိုရင်
ပြင်ဆင်ခွင့်တွေသာရခဲ့မယ်ဆိုရင်
" အတ္တကြီးတဲ့ ဥယျာဉ်မှူးရဲ့ ဥယျာဉ်မှာ မျိုးစေ့အဖြစ် ကျဲချခံရခြင်းမှ ကင်းလွတ်ရပါစေ "
လို့ဆုတောင်းမိမှာပါဗျာ...

1 ယောက်ကတော့ ဒီလိုမြင်တယ်...:

nwayeeinlinn said...

ဟုတ်ပါတယ်… ဥယျာဉ်မှူးရဲ့ ပြုစုပျိုးထောင်ပေးမှုမှာ သူ့ ရဲ့အတ္တကပါပြီးသားပါ ဘာကြောင့်လဲဆိုတော့ သူက သူပျိုးချင်တဲ့ မျိုးစေ့လေးတွေကို သူကိုယ်တိုင်ရွေးချယ်ပြီးမှ
သူ့ ရဲ့ဥယျာဉ်မှာ စိုက်ပျိုးခဲ့တာမဟုတ်လား…
ဒါ့အပြင် ရှင်သန်ဖူးပွင့်လာမယ့် အသီးအပွင့်လေးတွေကိုလည်း သူလိုချင်တဲ့ အရွယ်အစား၊
အရောင်အသွေးပဲ ဖြစ်စေခဲ့တာဆိုတော့…
ပြီးတော့ သူပိုင်ဆိုင်တဲ့ အသီးအပွင့်တွေကို သူလိုချင်တဲ့အချိန်မှာ ခူးဆွတ်နိုင်သလို သူမလိုချင်တော့တဲ့အချိန်မှာလည်း
ဘယ်လောက်ပဲ အညွှန့် တလူလူတက်နေနေ၊ ဘယ်လောက်ပဲ သီးပွင့်ဝေဆာလှပနေနေ
ဆက်ပြီး ပေါင်းသင်ပေးမှာ မဟုတ်သလို အမြစ်ကနေတောင် လှန်ချိုးဖျက်ဆီးပစ်နိုင်တာ
ပဲလေ…
ဒါကြောင့် ဥယျာဉ်ထဲမှာ နေပြီး ဥယျာဉ်မှူးရဲ့ အတ္တကိုပုံဖော်ခံနေရတဲ့ပန်းပင်လေးဖြစ်ရမယ့်အစား
ကိုယ့်ရဲ့ အရောင်အသွေးတွေ၊အလှအပတွေ၊မွှေးရနံ့ တွေကို လွတ်လပ်စွာဖော်ထုတ်ရှင်သန်ခွင့်ရှိတဲ့
တောရိုင်းပန်းပင်လေးပဲ ဖြစ်ချင်ပါတယ်…
အဲ့ဒီလိုသာဆိုရင် အရမ်းကိုလှပ၊ အရမ်းကိုရနံ့ မွှေးကြိုင်နေတဲ့တောရိုင်း ပန်းပွင့်လေးတွေက
လောကကြီးကို အလှဆင်ပေးမယ့် အဖိုးတန်ပန်းရတနာလေးတွေပဲပေါ့။